ဒီနေ့ ( ၁၃ မေ ၂၀၁၂ , တနင်္ဂနွေနေ့ ) ကတော့ အမေများနေ့လေးပေါ့..။
မေမေ့ကို ဦးစွာ ရှိခိုးဦးချ ကန်တော့ပါတယ် မေမေ..သမီးကို လူကကြီးထဲရောက်အောင်ကို မွေးပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ် မေမေ...
ငယ်စဉ်တောင်ကြီး ကလေး ဘ၀ကတည်းက သူများတကာ ကလေးတွေလို ပြည့်စုံအောင် ဘ၀ကို မနေနိုင်ခဲ့ပေမယ့် မေမေ့ ကျေးဇူးတွေက သမီးအဖို့ နိုင်းယှဉ်မပြတတ်အောင်ပါပဲ...
သမီးတို့ မောင်နှမတွေကို မေမေ ဖြစ်စေချင်ခဲ့သလို ပညာတတ်ဖြစ်အောင် မေမေကိုယ်တိုင် ဘေးနားကနေ တတ်နိုင်သလောက် အားပေးဖေးမပေးခဲ့တဲ့ မေမေ ၊
သမီးတို့ မောင်နှမတွေ သူတို့ ကိုယ်တတ်ရာ ပညာလေူတွေနဲ့ ဘ၀ကို ရပ်တည်ကြချိန်မှာ မေမေ အပြုံးပီတိတွေနဲ့ ဂုဏ်ယူနေတတ်တဲ့ မေမေ ၊
သမီးတို့ မောင်နှမတွေ တနယ်တကျေးစီမှာ ကိုယ်စီ တာဝန်တွေနဲ့ ရှိနေကြချိန်မှာ သမီးတို့ မောင်နှမတွေ အတွက် နေ့စဉ် မေတ္တာပို့ပေးနေတတ်တဲ့ မေမေ့ မေတ္တာတွေ ၊
သမီးတို့ မောင်နှမတွေဆီက ဖုန်းသံလေး ကြားရဖို့ကို မျော်လင့်ရင်းနဲ့ ဖုန်းသံလေးများ ကြားရရင် နေကောင်းကျန်းမာအောင် နေနေဖို့က ဘ၀မှာ အရေးကြီးဆုံး ဆိုပြီး တဖွဖွ မှာတတ်တဲ့ မေမေ ၊
အထူးသဖြင့် သမီးလေးဖြစ်တဲ့ သမီးကို ပိုစိတ်ပူတတ်တဲ့ မေမေ ... ။
မေမေ့ကို အရမ်းသတိရတယ် မေမေ... လွမ်းတယ်..
ရေမြေခြားမှာ ဘ၀ကို တစ်ယောက်တည်း ကြံကြံခံနိုင်အောင် ကြိုးစားရင်း ၊ သမီးဖြစ်ချင်တဲ့ ဘ၀ရည်မှန်းချက် လမ်းပေါ်မှာ လျောက်လှမ်းနိုင်ဖို့ မေမေ့ရဲ့ နွေးထွေးတဲ့ အားပေးစကားတွေက သမီးအတွက်
အားဆေးတစ်ခွက်ပါမေမေ..
ဖုန်းဆက်လို့ မေမေ့ အသံလေးကို ကြားရရင် ၀မ်းနည်းမှုတွေ အားငယ်ပြီး အထီးကျန်နေမှုတွေက လွင့်ပျောက်ကုန်ကြတယ် မေမေ...
သမီး မေမေ့ သမီးဖြစ်ရခြင်း အတွက် ဂုဏ်ယူကျေနပ်မိပါတယ်... မေမေ ကျန်းမာ ပျော်ရွင်ပြီး မေမေဘ၀ ခရီးအတွက် တရားဘာဝနာကို ဒီထက်မက ပိုပြီး အားထုတ်နိုင်ပါစေလို့ သမီးလေး ဆုတောင်း မေတ္တာပို့သရင်း ....
၁၃ မေ ၂၀၁၂ တနင်္ဂနွေ ၈း ၅၃ မိနစ် အေအမ်
ကျောက်ဖြူသူ